Why We Still Need Etiquette

ကျွန်မ Etiquette (ယဉ်ကျေးမှုဆိုင်ရာ စည်းကမ်း) နဲ့ပတ်သက်ပြီး ပြောဆိုတဲ့အခါ ပထမဆုံး မေးလေ့ရှိကြတဲ့ အချက်တွေကတော့ -

"Etiquette ဆိုတာ ထမင်းစားဝိုင်းမှာ ဇွန်းနဲ့ ခက်ရင်း ဘယ်လိုကိုင်ရမလဲဆိုတာမျိုး ရေပေါ်ဆီ ကိစ္စတွေပဲ မဟုတ်ဘူးလား၊ လူတိုင်းအတွက် တကယ်ရော လိုအပ်လို့လား။"

"Etiquette ဆိုတာ ရှေးခေတ်ဟောင်းက ထုံးစံတွေပါ၊ ဒီနေ့လို တိုးတက်နေတဲ့ ခေတ်မှာ လိုအပ်သေးလို့လား။"

"တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ ဒေသတစ်ခုနဲ့တစ်ခု ဓလေ့ထုံးစံ စည်းကမ်းတွေမှ မတူတာ၊ ဘယ်လို တန်းညှိမှာလဲ။" ဆိုတာမျိုးတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းတွေအားလုံးအတွက် Etiquette ရဲ့ အခြေခံအချက်ဖြစ်တဲ့ “Kindness, Politeness and Consideration for Others” ဆိုတဲ့ "ယဉ်ကျေး သိမ်မွေ့ခြင်းနှင့် သူတစ်ပါးအပေါ် စာနာထောက်ထား စဉ်းစားပေးခြင်း" ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကြည့်မယ်ဆိုရင် Etiquette ဟာ ဒီနေ့ခေတ်မှာ ပိုလို့တောင် လိုအပ်နေပါသေးတယ်။

Etiquette ဆိုတာ စားပွဲထိုင် စည်းကမ်းတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ နေ့စဉ်လူနေမှုဘဝမှာ မနက်နိုးထချိန်ကနေ ညအိပ်ယာဝင်ချိန်အထိ လူ့ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ဥပဒေနဲ့ အရေးယူသတ်မှတ်မထားတဲ့ အပြုအမူဆိုင်ရာ စည်းမျဉ်းတွေ ဖြစ်ပါတယ်။ Etiquette ကို နားလည်တဲ့ လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်ကို အေးချမ်းတည်ငြိမ်ပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

နေရာဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့အခါ ထုံးတမ်းစဉ်လာတွေ မတူတာကတော့ သဘာဝပါ။ ကျွန်မတို့ဆီမှာ ပွဲလမ်းသဘင်တွေတက်ရောက်ရင် Dress Code (ဝတ်စားဆင်ယင်မှု စည်းကမ်း) ဆိုတာ သိပ်မတင်းကြပ်ပေမဲ့ တချို့နိုင်ငံတွေမှာတော့ အလွန်အရေးကြီးပါတယ်။ ဒါဆို ကျွန်မတို့ဆီမှာ အခမ်းအနားတွေကို အိမ်နေရင်း ဝတ်စုံနဲ့ သွားလို့ရသလားဆိုရင် သင့်တော်မှု ရှိ/မရှိ စဉ်းစားရမှာပါ။ ကိုယ့်ကို အရေးတယူ ဖိတ်ကြားတဲ့သူကို လေးစားတဲ့အနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ သွားရောက်တာဟာ Dress Code ဆိုတဲ့ စည်းကမ်းထက် ရှိသင့်တဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေဟာ ကိုယ့်အရပ်ဒေသ မဟုတ်တဲ့ နေရာတွေကို ရောက်တဲ့အခါ အဲဒီနေရာရဲ့ ဓလေ့ထုံးစံတွေကို နားမလည်တာမျိုး ရှိနိုင်ပြီး ဒါဟာ အပြစ်မဟုတ်ပါဘူး။ အဲဒီလို မသိနားမလည်သူတွေကို တွေ့ရင် မသိရကောင်းလားဆိုပြီး အပြစ်တင် ရယ်ပွဲဖွဲ့မယ့်အစား နားလည်ဖေးမပေးတာဟာ Etiquette ရဲ့ စိတ်ဓာတ်အမှန် ဖြစ်ပါတယ်။

တချိန်က နိုင်ငံကြီးတစ်ခုရဲ့ မင်းသားတစ်ပါးဟာ အခြားနိုင်ငံမှ ဧည့်သည်တော်အတွက် တည်ခင်းတဲ့ ညစာစားပွဲမှာ မသိလို့ သောက်ရေခွက် မဟုတ်တဲ့ ခွက်ထဲက ရေကို သောက်မိသွားတဲ့ ဧည့်သည်ကို အခြားသူတွေ ရယ်ပွဲမဖွဲ့ရအောင် သူ့ရှေ့က အဲလိုခွက်က ရေကိုပါ ယူသောက်ပေးခဲ့ပါတယ်။ ဒါဟာ သူတစ်ပါးအပေါ် ထားရှိတဲ့ စာနာစိတ်၊ ဖေးမစိတ် ဖြစ်တဲ့ Etiquette ရဲ့ အနှစ်သာရအစစ်အမှန်ပါပဲ။

ဒါကြောင့်မို့လို့ ဒီနေ့ခေတ်လို နည်းပညာပေါင်းစုံနဲ့ တိုးတက်နေတဲ့ အချိန်မျိုးမှာ တချို့သော Etiquette တွေဟာ ခေတ်စနစ် ပြောင်းလဲလာမှုနဲ့အတူ မလိုအပ်တော့တာမျိုး ရှိကောင်းရှိနိုင်ပေမဲ့၊ လိုက်နာ စောင့်ထိန်းသင့်တဲ့ နေ့စဉ် Etiquette တွေအပြင် အင်တာနက်နဲ့ ဆက်သွယ်ရေးဆိုင်ရာ Etiquette (Netiquette)၊ လူမှုကွန်ရက် Social Media Etiquette၊ Business Etiquette နဲ့ Modern Etiquette ဆိုတဲ့ ခေတ်ပြိုင် တိုးချဲ့လာတဲ့ အပြုအမူ ယဉ်ကျေးမှုဆိုင်ရာ စည်းကမ်းတွေကို နားလည်သိရှိထားဖို့ဆိုတာ ပိုလို့တောင် လိုအပ်နေပါသေးတယ်လို့ ပြောချင်ပါတယ်။