မရည်ရွယ်ဘဲ ပါဝင်မိခြင်း - တခါတလေမှာ လူငယ်တွေဟာ ကိုယ်တိုင်မသိလိုက်ဘဲ အွန်လိုင်းအနိုင်ကျင့်မှုတွေမှာ ပါဝင်မိတတ်ပါတယ်။ လူငယ်တွေပီပီ သူငယ်ချင်းအများစု လုပ်နေကြတာကြောင့် သိပ်အရေးမကြီးဘူးလို့ ထင်တာ၊ Anonymous (အမည်မဖော်လိုသူ) စနစ်နဲ့ လုပ်လို့ရလို့ အလွယ်တကူ ပါဝင်မိတာ၊ ကလစ်တစ်ချက်နှိပ်တာ၊ Post တွေကို Forward ထပ်ဆင့် ဖြန့်ဝေတာမျိုးနဲ့ အများစုရဲ့လမ်းကြောင်းကို မလွန်ဆန်နိုင်တာတွေကြောင့် ဖြစ်တတ်ပါတယ်။
ထိခိုက်စေနိုင်ကြောင်း သတိပေးဆွေးနွေးပါ - ဒီလိုအခြေအနေမျိုး တွေ့ရပြီဆိုရင် ကိုယ်တိုင်အနိုင်ကျင့်တာပဲဖြစ်ဖြစ်၊ ပါဝင်မိတာပဲဖြစ်ဖြစ် ဒါဟာ တခြားသူကို ထိခိုက်နာကျင်စေတယ်ဆိုတာကို နားလည်အောင် ပြောပြပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဆင်မပြေတဲ့ပုံကို တခြားသူထံ ပို့တာ၊ သူတစ်ပါးအကြောင်းကို ကောလဟာလသဘောနဲ့ ပြန်ပြောတာတွေဟာလည်း ပြဿနာကြီး ဖြစ်စေနိုင်တယ်လို့ ရှင်းပြပါ။
အွန်လိုင်းပေါ်မှ မှတ်ချက်များနှင့် Voting ပေးမှုများကို ရှောင်ကြဉ်ပါ - သူများရဲ့ Post တွေမှာ မကောင်းတဲ့ Comment ရေးတာ၊ သူတပါးကို ထိခိုက်နစ်နာစေမယ့် အွန်လိုင်း Voting တွေမှာ ပါဝင်တာတွေဟာလည်း အန္တရာယ်ရှိပြီး အနိုင်ကျင့်တဲ့အထဲ ပါသွားစေနိုင်ကြောင်း သတိပေးပါ။
မျက်ကွယ်ပြုရန်နှင့် အကြောင်းကြားရန် - လူငယ်တစ်ယောက်အနေနဲ့ တခြားသူတစ်ယောက် အနိုင်ကျင့်ခံနေရတာတွေ့ရင် အနိုင်ကျင့်တဲ့အဖွဲ့ထဲ ကိုယ်တိုင်မပါဝင်ဘဲ နေဖို့လိုပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းပေးတာမျိုးထက် မိဘ၊ ဆရာ/ဆရာမ စတဲ့ သက်ဆိုင်ရာ လူကြီးတွေကိုသာအမြန်ဆုံး အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။