အွန်လိုင်းပေါ်မှာ အနိုင်ကျင့်တိုက်ခိုက်မှုတွေဆိုတာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေတာမျိုး မဟုတ်ဘဲ အွန်လိုင်းကနေ ရိုင်းပြတဲ့စာတွေပို့တာ၊ အီးမေးလ် ပို့တာ၊ လူမှုကွန်ယက်ပေါ်မှာ တစ်ယောက်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေအောင် တမင်လုပ်ဆောင်တာကို ဆိုလိုပါတယ်။
ကြုံတွေ့ရနိုင်ခြေ မြင့်မားခြင်း - နေ့စဉ်အင်တာနက်သုံးနေကြတဲ့ လူငယ်တွေအနေနဲ့ ကောလဟာလတွေပျံ့တာ၊ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားတာ၊ မသင့်တော်တဲ့ ဓာတ်ပုံတွေတင်ခံရတာတွေကို ကြုံတွေ့ရနိုင်ခြေတော်တော်များတဲ့အတွက် မိဘအုပ်ထိန်းသူတွေအနေနဲ့ သေချာသိရှိထားဖို့ အလွန်အရေးကြီးပါတယ်။
ပြုလုပ်ရန် လွယ်ကူခြင်း - ကျောင်းကစားကွင်းလိုနေရာမျိုးမှာ အနိုင်ကျင့်ဖို့ မလွယ်ကူပေမဲ့ အွန်လိုင်းမှာတော့ တိုက်ခိုက်ဖို့ အရမ်းလွယ်ကူပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းတွေဆီက ဖြစ်စေ၊ မသိတဲ့သူစိမ်းတွေဆီက ဖြစ်စေ ပုံစံအမျိုးမျိုးနဲ့ လာတတ်ပါတယ်။
ထိန်းကျောင်းသူ မရှိခြင်း - အနားမှာ ထိန်းကျောင်းပေးမယ့်သူမရှိဘဲ ဖုန်း၊ ကွန်ပျူတာတို့နဲ့ ကြိုက်တာရေးလို့ရနေတဲ့ အွန်လိုင်းကမ္ဘာထဲမှာ ဒီလိုတိုက်ခိုက်မှုတွေကြောင့် လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်လာရပါတယ်။
စိတ်ဒဏ်ရာ ရရှိနိုင်ခြင်း - အရွယ်ရောက်ပြီးသူတွေက ကဲ့ရဲ့ပြောဆိုမှုတွေကို ထိုက်သင့်သလောက် ခံနိုင်ရည်ရှိကြပေမဲ့ လူငယ်လေးတွေအတွက်ကတော့ အသေးအဖွဲ ကောလဟာလလေးတစ်ခု သို့မဟုတ် စာနာမှုမရှိတဲ့ Comment လေးတစ်ခုကြောင့်တောင် အရှက်ကွဲတယ်လို့ ခံစားရပြီး ရေရှည်မှာ စိတ်ဒဏ်ရာရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။