လူငယ်တွေ ဆိုက်ဘာအနိုင်ကျင့်ခံရမှုတွေကို ကာကွယ်ဖို့ အဓိက အချက်တွေကတော့—
နွေးထွေးစွာ မေးမြန်း ဆွေးနွေးပါ - မိဘအုပ်ထိန်းသူတွေအနေနဲ့ ကိုယ့်ကလေးကို အွန်လိုင်းအနိုင်ကျင့်ခံရတဲ့အကြောင်း နားလည်အောင် ပြောပြပေးပါ။ လက်ရှိမှာ ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရတာ၊ ကြုံတွေ့ခဲ့ရတာ ရှိမရှိကို နွေးနွေးထွေးထွေးနဲ့ မေးမြန်းပေးပါ။
အပေါ်ယံမပြောဘဲ သေချာနားထောင်ပေးပါ - “ဒါက ဒီလိုပါပဲ၊ ဘာမှမဖြစ်လောက်ပါဘူး” ဆိုပြီး အပေါ်ယံဖြတ်ပြောတာမျိုး၊ ကလေးရဲ့အမှားကြောင့် ဒီလိုဖြစ်ရတယ်လို့ သက်ရောက်စေတဲ့ စကားမျိုး လုံးဝမပြောပါနဲ့။ ကလေးပြောပြတာကို စိတ်ရှည်ရှည် နားထောင်ပြီး ဆွေးနွေးပေးခြင်းဖြင့် နောက်ပိုင်းမှာ အခက်အခဲကြုံလာတိုင်း မိဘကို ပထမဆုံးလာပြောဖို့ လမ်းဖွင့်ပေးရာရောက်ပါတယ်။
ကလေးတွေဘက်ကလည်း ဝန်မလေးဖို့ လိုပါတယ် - လူငယ်တွေအနေနဲ့ အနိုင်ကျင့်ခံရတဲ့အခါ နာကျင်တာ၊ ကြောက်တာ၊ ရှက်တာ၊ ဘယ်လိုလုပ်ရမန်းမသိတာတွေကြောင့် မိဘကိုပြောပြဖို့ နောက်တွန့်တတ်ကြပါတယ်။ ဒါ့အပြင် ကိုယ့်အပြစ်ကြောင့်လို့ထင်ပြီး မိဘတွေ စိတ်ပျက်သွားမှာကိုလည်း စိုးရိမ်နေတတ်ကြပေမဲ့ ဝန်မလေးဘဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပါ။
အွန်လိုင်းသုံးစွဲမှုကို ဂရုစိုက်လေ့လာပါ - မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ အွန်လိုင်းချိတ်ဆက်မှုတွေ၊ လူမှုကွန်ယက်အသုံးပြုမှုတွေကို တတ်နိုင်သလောက် သိရှိအောင် ကြိုးစားပါ။ ကလေးတွေရဲ့ မိတ်ဆွေစာရင်း (Friend List) တွေကို သိထားပြီး သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမရှိ လေ့လာကြည့်ပါ။
အမူအရာပြောင်းလဲမှုကို သတိထားပါ - ကလေးရဲ့ နေ့စဉ်အပြုအမူ၊ အစားအသောက်ပုံစံ ပြောင်းလဲလာတာလား၊ စိတ်လှုပ်ရှားမှု များနေတာလား၊ လူကြားထဲသွားဖို့ ဝန်လေးနေတာလား စတဲ့ အသေးစိတ် လက္ခဏာတွေကို သတိထားကြည့်ရှုပေးပါ။
ကိုယ်ရေးအချက်အလက်များကို စစ်ဆေးပါ - ကိုယ့်ကလေးနဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက် အလက်တွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာမျိုး ရှိမရှိ ရှာဖွေကြည့်ပါ။ တကယ်လို့ ရှိနေခဲ့ရင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူဆီ အကြောင်းကြားပြီး ဖြုတ်ချပေးဖို့ တောင်းဆိုပါ။