မိသားစုတိုင်းမှာ ကိုယ်စီထိန်းသိမ်းထားချင်ကြတဲ့၊ ထိန်းသိမ်းရမယ့် ‘မိသားစုအမွေအနှစ်’ (Family Legacy) ဆိုတာ ရှိစမြဲပါ။ ကျွန်မတို့မိသားစုရဲ့ Legacy က ဘာလဲ၊ ကျွန်မတို့မိဘတွေက ဘာတွေကို တည်ဆောက်ထားခဲ့တာလဲလို့ ပြန်တွေးကြည့်ရင်တော့
-ရိုးသားကြိုးစားပြီး သိက္ခာကို တန်ဖိုးထားခြင်း။ ကျွန်မတို့မိသားစုဟာ ဂုဏ်သိက္ခာကို ဘယ်အရာနဲ့မှ မလဲခဲ့ကြပါဘူး။ ကျွန်မလည်း အဖေ အမေ တို့လိုပဲ မိုက်မိုက်မဲမဲအထိကို ခုထိရိုးသားနေဆဲပါပဲ။
ကိုယ့်အားကိုယ်ကိုးခြင်း။ ကိုယ့်အင်အား၊ ကိုယ့်ကြိုးစားမှုကြောင့် ရလာတဲ့ ရလဒ်ကိုပဲ အမြဲတန်ဖိုးထား တတ်ကြပါတယ်။ အဖေဆိုရင် အသက် (၈၃) နှစ်အရွယ်၊ မဆုံးခင် (၃) ရက်အလိုအထိ စာသင်သွားခဲ့တာပါ။ ကျွန်မတို့ကသာ အဖေ့မျက်နှာကို အမြဲတစေ ကြည့်ပြီး အားကိုးခဲ့ရပေမဲ့၊ အဖေကတော့ ဘယ်သားသမီး အပေါ်မှာမှ အမှီအခိုမရှိဘဲ ဆရာကျကျ နဲ့ နေသွားခဲ့ပါတယ်။ အခုတော့ ကျွန်မလည်း အဖေ့ရဲ့ခြေရာကို ထပ်ကြပ်မကွာ နင်းနေမိပြီထင်ပါတယ်။
ကိုယ့်ကိုယ်ကို တန်ဖိုးထားစောင့်ရှောက်ပြီး သူတစ်ပါးအပေါ် ဝန်မပိစေခြင်း။ ကိုယ့်တာဝန်ကို ဘယ်သူ့ပခုံးပေါ်မှ မတင်တတ်တာလည်း ကျွန်မတို့ မိသားစုရဲ့ ဂုဏ်ယူစရာ Legacy တစ်ခုပါ။ အဖေ ရန်ကုန်မှာ ဆေးခန်းလာပြတုန်းက သူ့လက်မောင်းလေးကို သွားတွဲတာတောင် အဖေက တွဲခွင့်မပေးခဲ့ပါဘူး။ အသက် (၈၃) နှစ်၊ နောက်ဆုံး ဆေးရုံတက်ရမယ့် အချိန်အထိတောင် ကိုယ်တိုင် ကားမောင်းပြီး သွားခဲ့တာမျိုးပါ။ အဖေ့ကြောင့် ဘယ်သူ့မှာမှ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ဝန်ထုပ်ဝန်ပိုးဆိုတာ မရှိခဲ့ပါဘူး။
ယဉ်ကျေးပျူငှာပြီး သူတစ်ပါးအပေါ် သနားကြင်နာတတ်ခြင်း။ “သနားလို့လေ...” ဆိုတာ ကျွန်မတို့ မိသားစုရဲ့ အမြဲသုံးဖြစ်တဲ့ လက်သုံးစကားလေးပါ။ အိမ်မှာ ခေါ်ထားတဲ့ ကလေးတွေကအစ အပြောအဆို၊ အသုံးအနှုန်း ယဉ်ကျေးအောင်၊ ဆဲရေးတိုင်းထွာ မလုပ်အောင် သင်ပြပေးရုံတင်မကဘဲ ကိုယ်တိုင်လည်း အားလုံးအပေါ်မှာ သနားကြင်နာစိတ်နဲ့ ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့ကြပါတယ်။
သူတစ်ပါးကို ကူညီတတ်ခြင်း။ အကူအညီ လိုအပ်နေတာကို တွေ့ရင် ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲကနေ အမြဲတမ်း လက်ကမ်း ကူညီတတ်ကြပါတယ်။ ကျွန်မအမေ ရှိစဉ်တုန်းကဆိုရင် နွမ်းပါးတဲ့ လူနာတွေကို ဆေးဖိုးဝါးခ မယူတဲ့အပြင်၊ အိမ်မှာ အားရှိမယ့် စားစရာတွေ ရှိရင်တောင် ထည့်ပေးလိုက်တတ်တာမျိုးပါ။ ကျွန်မကိုယ်တိုင်လည်း အမေ့ အမွေ အပြည့်ယူထားတာမှာ အခုထက်ထိ အိမ်မှာ လာအလုပ်လုပ်ပေးတဲ့သူတွေကို ပေးစရာမရှိလို့ လက်ဗလာနဲ့ ပြန်လွှတ်ရရင်ကို အားနာနေတတ်ပါသေးတယ်။
တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိခြင်း။ ကိုယ်တာဝန်ယူထားတဲ့ အလုပ်မှန်သမျှကို တာဝန်ကျေအောင် အမြဲလုပ်တတ်ကြပါတယ်။ နေမကောင်းလို့ လုံးဝ အိပ်ရာက မထနိုင်တဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ဘယ်အလုပ်ကိုမှ ပျက်ကွက်မှု မရှိစေရအောင် ဂရုစိုက်ကြပါတယ်။ ကျွန်မလည်း ဒီနေ့အထိ အလုပ်နဲ့ ပတ်သက်လာရင် ဘာဆင်ခြေမှ မပေးဘဲ တာဝန်ကျေအောင် လုပ်တတ်တဲ့ အကျင့် ရလာခဲ့ပါတယ်။
ကတိစကား စောင့်ထိန်းခြင်း။ ကိုယ်ပြောထားတဲ့ စကားကို ကိစ္စအသေးအမွှားလေး ဖြစ်နေပါစေဦးတော့၊ ဖြစ်အောင်ကို စောင့်ထိန်းတတ်ကြပါတယ်။ စကားကို ဘယ်တော့မှ ပြီးစလွယ် မပြောတတ်ကြပါဘူး။ ကျွန်မအဖေဆိုရင် တစ်ခုခု ဖိတ်ကြားခံရတဲ့အခါ အများအားဖြင့် "I will try" (ကြိုးစားကြည့်ပါ့မယ်) လို့ပဲ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ကျိန်းသေ လာမယ်လို့ စကားပေးထားပြီဆိုရင်တော့ နေပူပူ မိုးရွာရွာ ရအောင်ကို သွားတတ်တာမျိုးပါ။
အနေအထိုင်၊ အပြောအဆိုနှင့် အပြုအမူ အားလုံး စောင့်စည်းခြင်း။ အသွားအလာ၊ အစားအသောက်၊ အပြုအမူ အားလုံးကို အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်း ရှိကြပါတယ်။ အဖေ လမ်းလျှောက်ရင်ဖြစ်ဖြစ်၊ တံခါးဖွင့်ရင်ဖြစ်ဖြစ် တစ်ခါမှ အသံကျယ်ကျယ် မကြားဖူးပါဘူး။ အဖေ့ ကားတံခါးကို အမှတ်တမဲ့ အသံမြည်အောင် ပိတ်မိရင်တောင် "My car is not a taxi" လို့ သိမ်သိမ်မွေ့မွေ့လေး အပြောခံရတတ်ပါတယ်။
စည်းကမ်းကြီးပြီး အချိန်တိကျခြင်း။ ပစ္စည်းတစ်ခုခုဆိုရင် သူ့နေရာနဲ့သူ စနစ်တကျ ရှိနေရသလို၊ ယူသုံးပြီးရင်လည်း မူလနေရာကို ပြန်ထားရတာကအစ အဖေ့ရဲ့ စည်းကမ်းတစ်ခုပါ။ ငွေကြေးသုံးစွဲမှု၊ အပြင်သွားရင် ဘယ်အချိန် ပြန်လာမယ်ဆိုတာ အဆုံး အရာရာကို အမြဲတမ်း စနစ်တကျနဲ့ ထိန်းသိမ်း နေထိုင်ခဲ့ကြပါတယ်။
ကျွန်မတို့တစ်သက်လုံး ဒီလိုနေထိုင်မှုပုံစံတွေ၊ စံနှုန်းတွေနဲ့ပဲ အသားကျ ကြီးပြင်းလာခဲ့ကြတာပါ။ ပြင်ပကလူတွေ ကြည့်ရင်တော့ "ဒီလောက် စည်းကမ်းကြီးလှတဲ့ ပတ်ဝန်းကျင်မှာ နေရတာ အတော်လေး စိတ်ပင်ပန်းမှာပဲ" လို့ တွေးမိကြမလား မသိပေမဲ့၊ ကျွန်မတို့အတွက်တော့ ဒါတွေဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထိန်းသိမ်းသွားရမယ့် ‘မိသားစုအမွေအနှစ်’ (Legacy) တွေပဲ ဖြစ်ပါတယ်။ ဒီလို ငွေကြေးနဲ့ ဝယ်လို့မရဘဲ တန်ဖိုးဖြတ်မရနိုင်လွန်းတဲ့ Legacy တွေကို ကျွန်မရဲ့ သား၊ တူ၊ တူမတွေနဲ့ သူတို့ကတစ်ဆင့် မွေးဖွားလာမယ့် မျိုးဆက်သစ် ကျွန်မရဲ့ မြေးလေးတွေအထိ ရင်ထဲမှာ အမြတ်တနိုးနဲ့ ဆက်လက် ထိန်းသိမ်းသွားနိုင်ကြဖို့ ဆုတောင်းမိနေပါတယ်။