ကျွန်မ တို့ ငယ်ငယ်က အိမ်မှာ ကြီးကြီးရဲ့ စာအုပ်ဘီဒိုကြီး ရှိခဲ့ပါတယ်။ လူတရပ်မကမြင့်ပြီး အလျား ၁၀ ပေ နီးပါးရှိတဲ့ စာအုပ်ဘီဒိုကြီး အကန့် သုံးကန့် ပါပါတယ်။ အပေါ်ဆုံး အကန့်မှာ ဘာသာပြန်စာအုပ်တွေ၊ အလယ်အကန့်မှာက မြန်မာဝတ္ထုတွေ နဲ့ အောက်ဆုံး အဆင့်မှာတော့ ပရလောက စာအုပ်တွေ အပါအဝင် စာရေးဆရာမျိုးစုံ ရဲ့ စာအုပ်တွေ ရာချီ ရှိခဲ့ပါတယ်။ ကျွန်မ တို့ ညီအမ တွေရဲ့ အကြိုက်တွေပေါ့။ ကျွန်မ တို့ ခေတ်က စာရေးဆရာ နာမည် တစ်ခုသာပြော ကျွန်မ မဖတ်ဖူးတာ မရှိဘူး ဆိုတာ ဒီစာအုပ်ဘီဒို ကြီးက စခဲ့တဲ့ ဇာတ်လမ်းကြောင့်ပါ။ (မှတ်ချက်၊ ကြီးပွားတိုးတက်ရေး ဆိုတဲ့ စာမျိုးတော့ ကျွန်မ မဖတ်ပါဘူး၊ ဒါကြောင့် ပီမိုနင်း ဆိုရင် ကျွန်မ နာမည်ပဲ သိပြီး မဖတ်ဖြစ်ခဲ့ပါ၊ ပညာကို မလေးစားတာ မဟုတ်ပဲ စာဖတ်တဲ့ စိတ်ကြိုက် ရွေးချယ်မှုပါ။)
ဒီ စာအုပ်သုံးကန့်မှာ ကျွန်မ က အပေါ် နှစ်ကန့်က စာပဲ ဖတ်ဖြစ်ပါတယ်။ မရှက်တမ်း ပြောရရင် ကျွန်မ က အရမ်း ကြောက်တတ်တဲ့အတွက် သရဲကား၊ သရဲဝတ္ထု ဆို ငယ်ငယ်က စ ခုချိန်ထိ လုံးဝ မကြည့်ပါ။ မှတ်မှတ်ရရ Exorcist ရုပ်ရှင်တကား ကြည့်မိတာ ၃ လလောက် ကြောက်ခဲ့ဖူးပါတယ်။ ခုထိလဲ ပြန်မတွေးရဲသေးပါ။ ကျွန်မ ကသာ အဲလို ကြောက်တတ်တာ။ ကျွန်မ အမ မတယ်ရီ ကတော့ အဲဒီ ပရလောက အကန့်က စာအုပ်တွေကို အကုန်ဖတ်တာပါ။
မမတယ်ရီ ရဲ့ ထူးခြားတဲ့ အချက်က သူက ဉာဏ် အရမ်းကောင်းပါတယ်၊ စာကျက်ရင်လဲ အသံမထွက်ကျက်ပြီး Concentration သိပ်ကောင်းတဲ့ သူဖြစ်တော့ ကျက်သမျှ စာကို မှတ်မိပါတယ်။ အဲဒီလို ပဲ သူဖတ်ထားတဲ့ ဝတ္ထုဇာတ်ကြောင်း အသေးစိတ်တွေလဲ အကုန်မှတ်မိပါတယ်။ ပြီးတော့လဲ အဲဒီ ဇာတ်ကြောင်းတွေကို ကျကျနန အသေးစိတ် ပြန်ပြောပြတတ်ပါသေးတယ်။ ကျွန်မနဲ့ မမ Fern ကတော့ ဖတ်သာ ဖတ်ကြတာ။ အဲလို အသေးစိတ် မှတ်မိပြီး ပြန်မပြောတတ်ကြပါဘူး။ သူ သရဲဝတ္ထုတွေ ပြောပြရင် ကျွန်မ မှာ ကြောက်ရတာ ဆိုတာလေ။
ကျွန်မ အစ်မ မမFern နဲ့ မမတယ်ရီ က အထက်အောက် တစ်နှစ်ပဲ ကွာပြီး ကျွန်မနဲ့ မမတယ်ရီ က ငါးနှစ် ကွာပါတယ်။ သူတို့ အချင်းချင်းကတော့ သက်တူရွယ်တူမို့ တီးတိုးတစ်မျိုး၊ မတိုးတတိုး တစ်မျိုး ပြောစရာများ ပေမဲ့ ကျွန်မကတော့ သူတို့က အဆစ် လို့ခေါ်တဲ့ ကလေး သေးသေးလေး၊ သူတို့ ဝိုင်းထဲ ဝင်မရတဲ့ ထမင်းသိုး ဟင်းသိုးလေး ဆိုတော့ သူတို့ စကားဝိုင်းမှာ ကျွန်မ က နားထောင်တဲ့ သူ၊ ရယ်စရာဆိုရင် ရယ်ပေး၊ ကြောက်စရာဆို ကြောက်ပေး၊ ငိုစရာဆို ငိုပေးရတဲ့ ဇာတ်ရံလေး တစ်ယောက် ဖြစ်ခဲ့တာပေါ့။

အခုတော့ ကျွန်မနဲ့ မမ Fern နှစ်ယောက်ထဲ ကျန်ခဲ့ပြီး ကျွန်မကလဲ မအူမလည် ကလေးသေးသေးလေး မဟုတ်တော့တဲ့ နောက်ပိုင်း ညီအမ နှစ်ယောက် တီးတိုးဖော်၊ တိုင်ပင်ဖော် ဖြစ်လာခဲ့ပါတယ်။ တစ်ယောက်တစ်နယ်စီဆိုတော့ လူချင်း မဆုံဖြစ်ကြပေမဲ့ ညဖက် ဖုန်းပြောပြီးတဲ့ အချိန်တိုင်း ကျောင်းတွေ၊ ကျူရှင်တွေ အားတဲ့ ညနေမျိုးမှာ ကျွန်မ တို့ ညီအမ တွေ ခြံထဲက ဒါန်းလေးမှာ ထိုင်ရင်း မတယ်ရီ ရဲ့ ဝတ္ထုဇာတ်လမ်းတွေ ပြောပြနေတာလေးကို ထူးထူးခြားခြား အမှတ်ရရင်း ခုချိန်မှာ မမတယ်ရီ သာ ရှိရင် ဒရမ်မာအစုံ ကြည့်ပြီး ကျွန်မ တို့တွေကို ပြန်ပြောပြနေမှာလား လို့ တွေးမိရင်း လွမ်းနေမိပါသေးတယ်။