ကျွန်မတို့ ငယ်ငယ်က ပုံမှန် လူလတ်တန်းစား မိသားစုလေးပါ။ ပေါလျှံ နေတာမျိုး မရှိပဲ ထိုက်သင့်သလောက် ချင့်ချိန် ခြိုးခြံနေခဲ့ ကြတယ်။ (ခုလဲ ဒီအတိုင်းပါပဲ၊ သိပ်မထူးနေပါဘူး။ ငယ်ငယ်က ပုံမှန် လူလတ်တန်းစား ဆိုလို့ ခု သူဌေးမကြီး ဖြစ်နေတယ် ထင်မှာစိုးလို့ပါ)။
အမေက ရုံးအလုပ်လုပ်တော့ အိမ်မှာ ထမင်းချက်မရှိတဲ့အချိန်ဆို ရုံးမသွားခင် ဟင်းတွေကို အမေပဲ အပြီးချက်သွားပေးလေ့ရှိတယ်။ ကျွန်မတို့ ညီအစ်မတွေကလည်း ကျောင်းတဖက်၊ ကျူရှင်တဖက် နဲ့ဆိုတော့ မယ်မယ်ရရ မကူနိုင်ကြပါဘူး။ ဒီတော့ အိမ်မှာ ချက်ဖြစ်တာများတာက ဝက်သားနဲ့ ဂေါ်ဖီ၊ ပန်းပွင့်၊ မုန်ညှင်း စတာတွေ ကြော်တာမျိုး၊ ကြက်သား/ဝက်သား ရို့စ် လုပ်တာမျိုးနဲ့ ဟင်းချိုတစ်ခွက် အဲလိုပဲ အရိုးရှင်းဆုံး ချက်ပါတယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့ဆိုရင်တော့ ရှမ်းခေါက်ဆွဲ၊ ငါးထမင်းနယ်၊ ကင်ပေါင်းကြော်၊ ထမင်းကြော် စသဖြင့် တစ်မျိုးမျိုး ချက်ပေးတတ်တယ်။ အဲဒီ တနင်္ဂနွေ Menu တွေထဲမှာမှ အမှတ်အရဆုံးကတော့ ငယ်ငယ်က 'English Dinner' လို့ ခေါ်တဲ့ ပေါင်မုန့်၊ အသား Steak၊ အာလူးကို ထောပတ်၊ ငရုတ်ကောင်း၊ ဆားနဲ့ နယ်ထားတဲ့ Mashed Potato၊ ပဲသီး၊ စူကာသီးပြုတ်နဲ့ အသားပြုတ်ရည် (Gravy) လေး စမ်းစားရတဲ့ ညစာလေးပါပဲ။
အိမ်က ထမင်းဝိုင်းဆိုပေမဲ့ စိတ်လွတ်ကိုယ်လွတ် စားလို့မရပဲ Silverware အပြည့်အစုံနဲ့ Smart ကျကျ စားတတ်အောင် ဒီညစာစားရင်း Fork and Knife table manners တွေလဲ Daddy က စနစ်တကျ သင်ပေးခဲ့ပါတယ်။ အဲဒီအချိန်ကတော့ စည်းကမ်းတွေကို နည်းနည်း စိတ်ညစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ ဘယ်ပွဲသွားသွား ဘယ်ဇွန်း၊ ဘယ်ခက်ရင်း ဘယ်လို ကိုင်ရမယ် ဆိုတာ မဝံ့မရဲ ဖြစ်မနေပဲ လှလှပပ ပွဲထိုင်နိုင်တော့မှ တန်ဖိုး ရှိတဲ့ ညနေခင်းလေးကို အမှတ်ရ ကျေးဇူးတင်မိပါတယ်။
အဲဒီ ညစာလေးကို သတိရတိုင်း ဆိုင်မှာ သွားစားကြည့်မိသလို အိမ်မှာ ပြန်ချက်ကြည့်ပေမဲ့ ငယ်ငယ်က အရသာလေးကို မီမနေပြန်ဘူး။ တစ်စုံတစ်ခု လိုအပ်နေသလိုပါပဲ။ ဘာကြောင့်လဲလို့ စဉ်းစားရင်း နောက်ဆုံးအဖြေရတာကတော့ အမေ့လက်ရာရယ်၊ ငယ်ဘဝ မိသားစုရယ်ဆိုတဲ့ အရာတွေမှ မရှိတော့တာ ဘယ်လိုလုပ် တူနိုင်ပါ့လဲလို့နော်။
ဒါနဲ့ပဲ အဲဒီအချိန်လေးကို အမှတ်တရအဖြစ် သူနဲ့ အတူ ဒီပုံလေး ဆွဲထားလိုက်တယ်။