ကျွန်မ သူ့ကို စသိခဲ့တာ လွန်ခဲ့တဲ့ နှစ် ၅၀ ကပေါ့။ တကယ်တော့ နှစ် ၅၀ လောက် ခင်မင်တဲ့ သက်တမ်း ဆိုတာ နည်းတာမှ မဟုတ်တာကွယ်။
ငယ်ငယ်တုံးက ကျောင်းသွားကျောင်းပြန် အတူတူ၊ တခါတလေလဲ စိတ်ကောက်ကြ၊ ပြန်ချော့ကြ၊ သူ့အိမ်ကိုယ်လည်၊ ကိုယ့်အိမ်သူလည်ပေါ့။ အန်တီ ချက်တဲ့ မန္တလေးမြီးရှည် ဆိုတာလဲ စားဖူးသမျှမှာ အကောင်းဆုံး ပြောရအောင်ကို ကောင်းတာ။ ဟိုးတနှစ်ဆီက အိမ်လည်သွားတော့ အန်တီ့ လက်ရာ နောက်ဆုံးစားခဲ့ရသေးတာ။
ဆယ်တန်းပြီး ကျောင်းပိတ်တော့ ဂစ်တာတီးသင်၊ တက္ကသိုလ် တက်တော့ အဲဒီ ဂစ်တာ ပိုက်ပြီး လာခဲ့ကြတာလဲ တွေးမိရင် ရယ်ချင်သလိုလို။ နောက်တော့လည်း ကျောင်းတွေပိတ်၊ ကျွန်မလဲ အိမ်ထောင်ကျ၊ အနေ နီးလိုက်၊ ဝေးလိုက်နဲ့ ပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် စကား မပြောပဲ နေခဲ့ကြတဲ့ နှစ် ၃ နှစ် ကို ပြန်တွေးရင် ဘာလို့များ ငါ အဲလို ဆိုးသွမ်းခဲ့တာလဲ လို့ စိတ်တိုချင်မိပြန်ရော။
ဒီလိုနဲ့ နှစ်တွေကို အချိန်က စားသွားရင်း တနှစ်ကို တခါလောက် တွေ့နိုင်ဖို့ ကြိုးစားကြရတာ၊ တွေ့နိုင်တဲ့ နှစ် ရှိသလို မတွေ့နိုင်တဲ့ နှစ်တွေကလဲ များမှ များ၊ ကမ္ဘာကြီးက ရွာကြီး ဖြစ်လာတော့မှ လူချင်းမတွေ့နိုင်လဲ စကားတွေ အများကြီး ဖလှယ်နိုင်ခဲ့တော့တာလေ။
ဒါပေမဲ့ကွယ်၊ နီးတာ ဝေးတာ လူချင်းဆုံတာ မဆုံတာ ဆိုတာက ကျွန်မတို့ရဲ့ သံယောဇဉ် ကို တားထားနိုင်တဲ့ အရာမှ မဟုတ်တာ။ ဒီတော့လဲ တွေ့တွေ့မတွေ့တွေ့ နှစ် ၅၀ က အချစ်ဆုံး သူငယ်ချင်းက နောင် နှစ် ဘယ်လောက်ကြာကြာ ကျွန်မ အတွက်ကတော့ ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတာက ရာနှုန်းပြည့်ကို သေချာတဲ့ အရာပါပဲ။
ဒီတော့လေ၊ မနက်ဖြန်ဆိုတာ မသေချာပေမဲ့ မျှော်လင့်ခွင့် ရှိရင်တော့ ကျွန်မ တို့ နှစ်ယောက် အတူထိုင်ပြီး စကားပြော ရယ်မောဖို့ နှစ်တော်တော် များများ ရချင်ပါသေးတယ်။